အလှကုန်တွေမှာပါတဲ့ Retinol ဆိုတာဘာလဲ
အသားအရေ နုပျိုလှပ ကြည်လင်ချင်တဲ့သူတွေကြားမှာ retinol က လူသိများလာတဲ့ ပါဝင်ပစ္စည်းတစ်ခုပါ။ Cream၊ serum၊ oils၊ gels စသဖြင့် ပုံစံအမျိုးမျိုးနဲ့ skin care တွေမှာ retinol ကို ပါဝင်ပစ္စည်းအဖြစ် တွင်ကျယ်စွာ ထည့်သွင်းအသုံးကြလာကြပါတယ်။ အရေပြားအထူးကုတွေကလည်း အရေပြားပြဿနာတွေအတွက် retinol ကို အသုံးပြုတတ်ကြပါတယ်။
Retinol ဆိုတာဘာလဲ?
Retinol ဆိုတာ vitamin A ကနေဆင်းသက်လာတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အရေးအကြောင်းတွေ၊ အသားအရေမညီတာတွေနဲ့ ဝက်ခြံတွေ ကုသဖို့အတွက် အသုံးပြုကြပါတယ်။ Vitamin A ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာအနေနဲ့စားတာ၊ vitamin A ပါတဲ့ skin care တွေ လိမ်းတာကသာ vitamin A ရရှိနိုင်တဲ့ နည်းလမ်းပါ။
Retinol ကို လိမ်းတဲ့အခါ ဆဲလ်ရဲ့အတွင်းဆုံးပိုင်းအထိ ရောက်ရှိပြီး collagen နဲ့ elastin ထုတ်လုပ်မှုကို အားပေးကာ ဆဲလ်တွေအိုမင်းသေဆုံးတာ၊ မွှေးညင်းပေါက်တွေ ပိတ်တာနဲ့ အဆီတွေထွက်တာကို တားဆီးပေးပါတယ်။
ဘာအတွက် သုံးသလဲ?
ဝက်ခြံကြောင့် နီရဲရောင်ရမ်းတာ
ဝက်ခြံကြောင့် အမာရွတ်တွေ၊ အမဲစက်တွေ ကျန်ခဲ့တာ
နေလောင်ပြီး အသားအရေမညီတာ၊ အမဲစက်တွေဖြစ်တာ
အိုမင်းခြင်းရဲ့ လက္ခဏာဖြစ်တဲ့ အသားအရေလျော့တွဲလာတာ၊ အရေးအကြောင်းတွေ ပေါ်လာတွေအတွက် retinol ကို အသုံးပြုလေ့ရှိပါတယ်။
ဘေးထွက်ဆိုးကျိုးတွေက ဘာလဲ?
Retinol နာမည်ကြီးရတဲ့ အကြောင်းထဲမှာ ဘေးထွက်ဆိုးကျိုးတွေကြောင့် အလွယ်တကူ မသုံးရဲကြတာလည်း ပါပါတယ်။ Retinol သုံးရင် အသားအရေက ပိုဆိုးလာတယ်ဆိုပြီး ကြားဖူးနားဝ ဖြစ်နေကြတာပါ။
အသားအရေခြောက်သွေ့တာ
နီရဲလာတာ၊ ရောင်ရမ်းလာတာ
အရေပြားအဖတ်တွေ ကွာကျတာ
အရည်ကြည်ဖုတွေ ထတာ
Retinol burn လို့ခေါ်တဲ့ အသားအရေ လောင်သလို ဖြစ်တာ
အသားအရောင်မညီတာ
ဓာတ်မတည့်သလို ဖြစ်တာတွေအပြင်
ဝက်ခြံတွေစုပြုံထွက်လာတာ
နှင်းခူဖြစ်တာ
ပျားတုပ်ထားသလို ရောင်ရမ်းဖောင်းကားနေတာမျိုးထိ ဖြစ်နိုင်ပါတယ်။
Retinol ကို ဘယ်လို သုံးမလဲ?
စစချင်း ပမာဏအများကြီး သုံးလိုက်တာက ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်တာပါ။ စသုံးသုံးချင်း တစ်ပတ်တစ်ခါခန့်သုံးပြီး တဖြည်းဖြည်းချင်း ညတိုင်းသုံးတာမျိုးကို ပြောင်းသင့်ပါတယ်။
နေရောင်နဲ့ထိတဲ့အခါ အသားအရေနီရဲရောင်းရမ်းတာတွေ ဖြစ်စေသလို နေရောင်ခြည်က retinol ရဲ့ အာနိသင်ကိုကျစေလို့ နေ့ဘက်မသုံးဘဲ ညဘက်သာသုံးသင့်ပါတယ်။
ပြင်းအားများတဲ့ retinol က ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်စေနိုင်လို့ 0.2%-1 % လောက် ပြင်းအားရှိတာကိုပဲ သုံးသင့်ပါတယ်။ ပြင်းအားများတာကိုတော့ ဆရာဝန် ညွှန်ကြားမှသာ သုံးသင့်ပါတယ်။
Retinol က ကောင်းကျိုးတွေ အများကြီးရှိသလို ဘေးထွက်ဆိုးကျိုးလည်း များပါတယ်။ ဆရာဝန်ညွှန်ကြားချက်မပါဘဲ သုံးလို့ရတယ်ဆိုပေမယ့် သုံးမယ်လို့စဥ်းစားရင် အလှအပရေးရာ နားလည်တတ်ကျွမ်းတဲ့သူနဲ့ အရင်တိုင်ပင်ပြီးမှ သုံးတာပိုကောင်းပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်